Silencer တပ်၍ ပျက်စီးနေသူ ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ကျွန်တော့ ခေါင်းစဉ် ကြည့်ပြီး မိတိဆွေတို့ အနေဖြင့် တမျိုးတဖုံထင်ကြပါလိမ့်မည်။ ဆိုင်လင်ဇာ ( silencer ) ဆိုသည်မှာ အားလုံးသိပြီး ဖြစ်သည့် အတိုင်း အသံတိတ်ကရိယာ ဖြစ်ပါသည်။ ထို့ကြောင့် ဤကရိယာ တပ်ထား၍ ပျက်ဆီးနေကြသူများ အားဆိုလိုရင်း ဖြစ်ပါသည်။

ဤသို့ အသံတိတ် ပျက်စီးနေကြသူ အတော်များများအား တွေ့ဖူးပါသည်။ ပတ်ဝန်းကျင်အား လည်း ဒုက္ခမပေး မိဘညီကိုယ် မောင်နှများအားလည်း ဒုက္ခမပေး သို့သော် သူ့အနေဖြင့် ပျက်စီးနေသည်ကတော့သေချာပါသည်။ ဤသို့သော သူများအား ဆုံးမရန် စကားအတော်လေး ရှာခက်ပါသည်။

ကျွန်တော့ ဦးလေး ( နှစ်ဝမ်းကွဲ ) တယောက်ရှိပါသည်။ တက္ကသိုလ်ဘွဲ့ရတယောက် ဖြစ်ပါသည်။ သူရို့အိမ်တွင် ဆန်ဆိုင် ဖွင့်ထားသော ကြောင့် အတော်လေး ချောင်လည် သည်ဟုတော့ဆိုနိုင်ပါသည်။ ပြသနာမှာ ထိုဦးလေး ဖြစ်သူ ဘွဲ့ရပြီးသော်လည်း အလုပ်မရှာ ၊ မိန်းမလည်း မယူ။ မိဘ အိမ်တွင်သာ ကပ်နေရင်း ပျက်စီးနေသူဖြစ်ပါသည်။

သူပျက်စီးပုံကလည်ကြည့်ပါအုံး ။ နံနက်မိုးလင်း အိပ်ယာထနောက်ကျ ပြီးနောက် နံနက်စာ နှင့် နေ့လည်စာ ပေါင်းစား ။ ပြီးနောက် ဆိုင်ကယ် ဖြင့် အပြင်ထွက် ငါးမျှား သလို ငှက်ဖမ်း သလို ဟိုစပ်စပ်သည် စပ်စပ် လျှောက်လုပ်။ အိမ်အတွက်လည်း ဟင်းစားပါမလာ။

ထို့နောက် ညနေ စောင်းလျင် ခွက်ပုန်းကစ် ( ဆိုင်တွင် ထိုင်သောက်ခြင်း မဟုတ်ပါ ) ပြီးလျင် ဂီတာတလက်ဖြင့် သူ့အခန်းထဲတွင် သီချင်းဆိုသယောင် မြူးဇစ်ရှာ သယောင် ။

ခက်သည်က သူ့အနေဖြင့် မူးယစ်ရမ်းကားနေသူမဟုတ် ၊ အရက်ကလေး ဝင်ထားလျင် စကားပြော အနည်းငယ်သွက်လာသည်မှ လွဲ၍ သာမန်ကဲ့သို့သာ အမှားအယွင်း မရှိ။

သူ့ဖခင် က အပြင်မထွက်နဲ့ ဟူ၍ ဆိုင်ကယ် သိမ်းထားလျင် ကလန်ကဆန် ပြန်မလုပ်ပဲ အိမ်တွင်း၌ နေကာ တနေကုန် စာဖတ်နေပါတော့သည်။ စာ ဖတ်သည်ဟူ၍ သာမန်ဟု မယူဆစေလိုပါ။ သူ့ဖခင် ၏ စာအုပ်ဘီရို မှ ကျမ်းကြီး ကျမ်းငယ် ၊ဝတ္ထုစာအုပ် ၊ သမ္မာကျမ်းစာ မှ စပြီး မဂ္ဂဇင်း အဆုံး အကုန်ဖတ်ကာ စာဖတ် အတော်နာသူတယောက်ဖြစ်ပါသည်။

တခါတရံ ကျွန်တော့အားတွေ့လျင်တောင် သမ္မာကျမ်းစာ ၏ ဘယ်အပိုဒ်မှ ဘယ်အထိ သည် လူငယ်များ အတွက် ကောင်းကြောင်း ဖတ်သင့်ကြောင်း ပြောတတ်ပါသည်။

ရုပ်ရည်ကလည်း ဆိုးဆိုးဝါးဝါးမဟုတ်။ ဆိုလိုသည်မှာ ဂျစ်တိဂျစ်ကန် ဘုကန့်လန့် တိုက်မည့် ရုပ်မျိုးမဟုတ်။ ဝတ်လိုက်စားလိုက်လျင် အတော်လေး ဥပတိ ကောင်းသူ ဖြစ်ပါသည်။

သူ့အား ဆုံးမ သော ဘကြီး ဦးလေးကြီး များအားလည်း ချက်နှင့်လက်နှင့် ပြန်၍ ရှင်းပြတတ်သည် ဖြစ်ရာ နောက်ဆုံး သူ့ဖခင် ကိုယ်တိုင် ဆုံးမရန် လက်လျော့လိုက်ပါတော့သည်။

မိဘ ဆိုတော့ သားသမီးအား အိမ်မှ နှင်ချရန် လည်း မဟုတ် မိဘ စီးပွားရေးအား ဝင်ကူပါဆိုတော့လည်း ထိုသို့သော ဆန်ဆိုင်အသေးကလေးအား စိတ်မဝင်စား ။ မိဘက စိတ်ဝင်စားရာ အလုပ်လုပ်ပါ အရင်းအနှီးထုတ်ပေးမည် ဆိုတော့လည်း ဟိုဟာ လေ့လာအုံးမည် သည်ဟာ စဉ်းစားကြည့်အုံးမည် စသည်ဖြင့် ရက်ရွှေ့ လရွှေ့ ။

ကြာလာတော့လည်း ဖခင်ဖြစ်သူက ဒီအတိုင်းလွတ်ထားလိုက်ပါတော့သည်။ သူကတော့ နေ့စဉ် ပုံမှန်လည်ပတ်နေကြ အတိုင်း စားလိုက် ၊ သောက်လိုက် ၊ တခါတရံ မာရှီ ( ဝိ ) လေးပါပါလိုက်သေး။

ဆူပူ ဟစ်အော် သောင်းကျန်းခြင်း မရှိ ၊ ပတ်ဝန်းကျင် အားဒုက္ခမပေး ၊ မိဘအားလည်း ဒုက္ခမပေး ။ သို့သော် သူသည် လူကောင်းတယောက်တော့မဟုတ်ပါ။ အသံတိတ် ပျက်စီးနေသူသာ ဖြစ်ပါသည်။

Henry Aung ( Kachin )

22/10/2021 - Friday - 17;34 Pm

H2
H3
H4
3 columns
2 columns
1 column
15 Comments
Ecency